သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူ/ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားသည့်အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၂၈

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူ/ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားသည့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ အနုပညာရှင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူ/ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် လူအင်အား (၁၂၈၀)ဦး၊ အုပ်ချုပ်မှုယာဉ် (၁၉)စီး၊ လုပ်ငန်းသုံးယာဉ် (၁၅၁)စီး၊ ရေသယ်ယာဉ် (၃၃) စီး၊ မီးသတ်ယာဉ် (၂၆)စီး၊ လှေ (၁၀)စင်း၊ ယန္တရားကြီး (၂၉)စီး၊ လူနာတင်ယာဉ် (၁၅)စီး၊ လက်သုံးပစ္စည်း (၁၉၀၀)စုံ၊ ၁၀ ပေ ပတ်လည်တဲ (၄၀၀)လုံး၊ ချိန်းဆော (၁၀၀)ခုနှင့် ရဲဒင်း/ဓား (၁၀၀)လက်တို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လုပ်ငန်းကော်မတီ (၁၂)ခု၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား တပ်ခွဲ (၁)ခွဲ၊ တပ်စု (၄၅)စုကို အင်အား (၁၆၉၁)ဦး၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့ USAR Light Team (၂)သင်းအား အင်အား (၄၀)ဦး၊ အရေပေါ်အခြေအနေများအတွက် ကျန်းမာရေးဌာနမှ Rapid Response Team များ (၅၂)ဖွဲ့၊ Emergency Operation Center (၅)ခု၊ ယာယီခိုလှုံရာနေရာ (၁၁၂)နေရာ သတ်မှတ်ပြီး လူဦးရေ (၄၇၆၂၀)ဦး ဝင်ဆံ့သည့်နေရာ၊ တိရစ္ဆာန်များ ဘေးလွတ်ရာသို့ ပြောင်းရွေ့နိုင်ရေး နေရာ (၁၀)နေရာ၊ လူအင်အားများ၊ အုပ်ချုပ်မှုယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်ယာဉ်များ၊ လှေများ၊ ယန္တရားကြီးများ၊ လူနာတင်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို စီစဉ်ထားကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)