ကျောက်မဲ မေ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီက ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ ခြင်းများကို ဆောင်ရွက်ခဲ့ကြရာ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ရုံးဝန်ထမ်းများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထွန်းက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်တည်ငြိမ်စွာ တုံ့ပြန်ဆောင်ရွက်ရန်နှင့် လျှပ်စစ်ပစ္စည်းများကို မကြာခဏစစ်ဆေးရန် ရှင်းလင်းပြောကြားသည်။ ထို့ပြင် အရေးပေါ်အခြေအနေများတွင် သတင်းအချက်အလက် လျင်မြန်စွာ ပေးပို့နိုင်ရေးအတွက် "191 Application" အား လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် ရေစိုဝတ် (စောင်) ဖြင့် အောက်ဆီဂျင်ဖြတ်တောက်ကာ မီးငြှိမ်းသတ်နည်း အဆင့်ဆင့်တို့ကို ရှင်းလင်းပြသကြရာ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ပါဝင် မီးငြှိမ်းသတ်ကြည့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသပေးခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)