နောင်တရား မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တီကျစ်နာဂါးဘိလပ်မြေစက်ရုံတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စက်ရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တီကျစ်နာဂါးဘိလပ်မြေစက်ရုံမှူး ဦးဆလိုင်းဇေယျာတင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပင်လောင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စျေးများ၊ စျေးဝယ်စင်စင်တာများ၊ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံ/အလုပ်ရုံများ၊ စုပေါင်းပိုင်အဆောက်အအုံများ၊ အလုပ်ဌာန/အဖွဲ့အစည်းနှင့် မီးဘေးစိုရိပ်ရသောလုပ်ငန်းများတွင် သီးသန့်မီးသတ်တပ်ဖွဲ့များ စနစ်တကျလေ့ကျင့်ဖွဲ့စည်းရန်နှင့် မီးဘေးကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အခြေခံသင်တန်းအား သင်တန်းသား(၃၅)ဦးနှင့် သင်တန်းနည်းပြ(၃)ဦးဖြင့် သင်တန်းကာလ ရက်သတ္တပတ်(၂)ပတ် လေ့ကျင့်သင်ကြားသွားပေးမည်ဖြစ်ကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)