မိုင်းကိုင် မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျန်းမာရေးကဏ္ဍာဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့သည် မေလ ၂၄ ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦး၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းမွှေးနှင့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များက အမှာစကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းက ကျန်းမာသောလူနေမှုပုံစံများ၊ ပြည်သူများ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြောရာ တက်ရောက်လာကြသည့် ကျေးလက်နေပြည်သူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများ အခြေခံကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် အထွေထွေရောဂါများအား စမ်းသပ်ကုသပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြရာ ကျေးလက်နေပြည်သူ စုစုပေါင်း ၂၀၃ ဦးကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)