မိုင်းဆတ် မေ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးလုံခြုံရေးဆိုင်ရာပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းမြတ်သူက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့်အညီမြို့နယ်အတွင်းရှိ ဈေးများ၊ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်နှင့်တည်းခိုခန်းများမှ သင်တန်းသား ၅၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၂ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားခြင်းဖြင့် မီးလောင်မှုဖြစ်ပွားပါက ကနဦးလက်ဦးမှုရယူပြီး မီးငြိမ်းသတ်နိုင်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်တို့၏ အသက်အန္တရာယ်ထိခိုက်မှုနှင့် ပစ္စည်းများဆုံးရှုံးမှုနည်းပါးစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)