မိုးနဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်စတင်

မိုးနဲ မေ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၈ နာရီခွဲကစတင်ကာ မြို့နယ်ပညာရေးမှူး ဒေါ်နီလာ၏ကြီးကြပ်မှုဖြင့် ကျောင်းအပ်နှံလက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အုပ်ထိန်းသူခေါ်ဆောင်လာကာ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားတို့ကိုပါ ယူဆောင်လာကြရမည်ဖြစ်ကြောင်း၊ ယနေ့တွင် မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ တစ်ပြိုင်နက်တည်း ကျောင်းအပ်နှံလက်ခံလျက်ရှိကြောင်း၊ ကျောင်းလာရောက်အပ်နှံသော မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ တစ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်နှင့်ခဲတံတို့ကို အခမဲ့ထုတ်ပေးလျက်ရှိသည့်အပြင် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံမှလွဲ၍ ကျန်ပစ္စည်းများကို အခမဲ့ ဆရာ/ ဆရာမများက  စနစ်တကျထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းများစတင်အပ်နှံလက်ခံခြင်းကို မေလ ၂၅ ရက်နေ့မှ ၃၁ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ ၁ရက်နေ့တွင် စတင်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ဇင်ကိုကို