ထားဝယ် မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ထားဝယ်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အခြေခံပညာဦးစီးဌာနရှိ မူလတန်းပြ ဆရာ၊ ဆရာမများ၏အင်္ဂလိပ်စာစွမ်းရည် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ "English Language Course for Basic Education Teachers"ကို သင်ကြားပေးခဲ့ကြောင်း၊ သင်တန်း၏ အဓိက ရည်ရွယ်ချက်အနေဖြင့် မူလတန်းအဆင့်ပညာရေးတွင် English ဘာသာစကား ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်စေရန် ဖြစ်ကြောင်း၊ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောနှင့် နားထောင်စွမ်းရည်များတိုးတက်လာပြီး ကျောင်းသား၊ကျောင်းသူများကို သင်ကြားရေးနည်းစနစ်ကောင်း များဖြင့် သင်ကြားနိုင်စေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံများ၊ နည်းလမ်းများကို မိမိတို့ ကျောင်းများရှိ အတန်းတိုင်းတွင် ကလေးငယ်များစကားပြောဆက်ဆံမှု ပိုမိုသွက်လက်လာအောင်၊ Grammar ကိုအသုံးချနိုင်အောင် ဖန်တီးပေးစေလိုကြောင်း၊ ဆရာ၊ ဆရာမများ၏ကြိုးစားမှုသည်ကျောင်းသား/ကျောင်းသူများ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျသည့်ကျောင်းများတွင် သင်ယူခဲ့သည့်အင်္ဂလိပ်စာအရည်အချင်းများကိုအသုံးချပြီး ပညာအလင်းရောင်များ ပေးဝေနိုင်အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)