လားရှိုး မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဖွင့်လှစ်သည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဒုတိယအကြိမ်အား လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ၊ စားသောက်ကုန်တွင်သုံးစွဲသော ဓာတုပစ္စည်းများ၊ ထုပ်ပိုးမှုများနှင့် ကွတ်ကီး၊ နံကထိုင်၊ လျှာပေါ်ဝဲ၊ ပီဇာ၊ မွေးနေ့ကိတ်၊ ရေခဲမုန့်၊ ပေါင်မုန့် စသည့်မုန့်များအပါအဝင် မုန်အမျိုးအစား စုစုပေါင်း ၁၆ မျိုး ပြုလုပ်နည်းများအား စာတွေ့လက်တွေ့ပို့ချ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်း ပထမအကြိမ်အား မေလ(၅)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒုတိယအကြိမ်အား မေလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၁ ဦး တက်ရောက် သင်ကြားလျက်ရှိကာ လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့် သင်တန်းသား၊ သင်တန်းသူ ၅ ဦးအား စိစစ်ရွေးချယ်ပြီး ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသည့် လုပ်ငန်းထူထောင်ရန်လိုအပ်သည့် လုပ်ငန်းသုံးစက်ပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)