မိုင်းနောင် မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁) ဒေါ်နန်းမွန်းအောင်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယမန်နေ့က ဝမ်စိမ်းနှင့်မိုင်းယန်းကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝမ်စိမ်းကျေးရွာနှင့်မိုင်းယန်းကျေးရွာများရှိ စမ်းချောင်းများ၊ ရေချောင်းများနှင့် ဆည်များမှ လယ်မြေများအတွင်း ရေသွင်းယူမှုစနစ်များကြည့်ရှုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများရေရှည်ဖြစ်ထွန်း၍ အထွက်တိုးရေးအတွက် လိုအပ်မည့်အစီအမံများကိုဆွေးနွေးခြင်း၊ အခြားဒေသ အကျိုးပြုလုပ်ငန်းများ၏ လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်(၁) ဒေါ်နန်းမွန်းအောင်နှင့် လွိုင်လင်ခရိုင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အောင်လွင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဝမ်စိမ်းကျေးရွာအုပ်စုနှင့် မိုင်းယန်းကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများလိုက်ပါကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)