ကလောမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ကလော မေ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးလှုပ်ရှားမှုအဖြစ် “နိုင်ငံ‌တော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာအား ကလောခရိုင် ပညာ‌ရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့ ဦးဆောင်၍ ‌မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်က‌လေး‌စောင့်ရှောက်‌‌ရေးအသင်းအဖွဲ့တို့က တက်ရောက်စိုက်ထူခဲ့ကြပြီး “နိုင်ငံ‌တော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”  ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာကို အ‌မွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ကလောမြို့နယ် ပညာရေးမှူး ဒေါ်လဲ့လဲ့အောင်ထံမှ သိရသည်။

ကျော်ဝင်း(ကလော)