မိုင်းယောင်း မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း (5th Years Regional Development Plan)ရေးဆွဲနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများက ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိလှိုင်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ ကာလတို(၅)နှစ် ဒေသန္တရစီမံကိန်းများကိုရေးဆွဲရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ကုန်ရှိ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စာရင်းများအပေါ်အခြေခံကာ မိုင်းယောင်းမြို့နယ် သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းသိမ်းရေး၊ သဘာဝဘေးကြောင့်ထိခိုက်မှုများမှ ပြန်လည်ထူထောင်ရေး၊ လမ်းပန်းဆက်သွယ်သွယ်ရေး ကဏ္ဍများအပါအဝင် အခြားကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးတို့ကို စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အလို့ငှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက်(၄)ရပ်၊ နိုင်ငံတော်မှချမှတ်ထားသောဆောင်ပုဒ်နှင့်အညီ စီးပွားရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းတွင် လျာထားဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စိုင်းအောင်ဇော်လင်း