မိုးနဲ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင်မှစ၍ စီးပွားရေးလုပ်ငန်းများအထိ စိုက်ပျိုးရေးလုပ်ငန်းကို အများအပြားလုပ်ကိုင်ကြရာ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ဖရုံညွှန့်များဈေးကောင်းရရှိနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့် မိသားစုမီးဖိုဆောင်အသုံးစရိတ် လျော့ချနိုင်သည့်အပြင် အပိုဝင်ငွေပါရရှိကြောင်း ဖရုံစိုက်ပျိုးတောင်သူထံမှ သိရသည်။
ဖရုံပင်များကို တစ်နိုင်တစ်ပိုင်သီးနှံအဖြစ်သာ အများအပြား စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ချောင်းနံဘေးတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နေရာမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်ကြောင်း၊ ဖရုံပင်စိုက်ပျိုးလျှင် အညွှန့်အပြင် အသီးကိုပါရောင်းချနိုင်ကြောင်း၊ မိသားစုမီးဖိုဆောင်အသုံးစရိတ် လျော့ချနိုင်သည့်အပြင် အပိုဝင်ငွေအများအပြားရရှိနိုင်သော သီးနှံဖြစ်ကြောင်း၊ ဖရုံပင်များစိုက်ပျိုးရာတွင် နွားချေးမြေဩဇာကိုအသုံးပြုပေးပါက အပင်ကြီးထွားနူန်းပိုမိုကောင်းမွန်စေပြီး အပင်များပိုးမကျစေရန် ပိုးသတ်ဆေးကို ပတ်ဖျန်းပေးခြင်းဖြင့် အဆင်ပြေကြောင်းနှင့် ဖရုံတစ်စီးလျှင် ကျပ် (၇၀၀)နှင့်အထက် ယခုလက်ရှိ ရောင်းချရကြောင်းနှင့် ဖရုံညွှန့်များကို ဟင်းချိုပြုလုပ်ခြင်း၊ ကြော်ခြင်းများပြုလုပ်ပြီး စားသောက်နိုင်သည့်အပြင် အရောအနှောပါပြုလုပ်နိုင်သဖြင့် လူကြိုက်များကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် စီးပွားဖြစ် ပြောင်း၊ ပဲပုပ်၊ စပါး၊ ကြက်သွန်တို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ တစ်နိုင်တစ်ပိုင်သီးနှံများအဖြစ် ရာသီအလိုက် ဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ သခွား၊ ခရမ်း၊ ငရုတ်၊ ဖူးစားပြောင်း၊ သခွားမွှေး၊ မုန်ညှင်းဖြူ၊ မုန်ညှင်းစိမ်းနှင့် အခြားသီးနှံအများအပြားကို စိုက်ပျိုးကြကြောင်း သိရသည်။
ဇင်ကိုကို