တာချီလိတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

တာချီလိတ် မေ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုပတ်ဝန်းကျင်းတစ်ရပ်ဖြစ် ပေါ်လာစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ဒုတိယရဲမှူး သောင်းရွှေနှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူငယ်များ၏ အနာဂတ်ဘဝအတွက် ပညာရေးနှင့်ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်၏ အရေးပါမှုများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)တွင် တက်ရောက်နေသည့် သင်တန်းသူများထံသို့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)