တာလေ မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဒေသအတွင်းတိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်းက နားယောင်းကျေးရွာအုပ်စု၊ မယ်ပိန်းကျေးရွာရှိ ဖြောင့်ဖြူးပျော်ရွှင်ကုမ္ပဏီလီမိတက် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးနှင့် ဝန်ထမ်းများက ဒေသကျွဲ၊ နွား တစ်နိုင်တစ်ပိုင် မွေးမြူသူများအား တွေ့ဆုံ၍ တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများ ရှင်းလင်းဟောပြောကြသည်။
ထို့နောက် ကာကွယ်ဆေးထိုးစီမံချက်အရ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ မယ်ပိန်းကျေးရွာ၊ နားအွန်ကျေးရွာနှင့် ပါနော့ကျေးရွာတို့တွင် မွေးမြူထားသည့် ဒေသကျွဲနှင့် ဒေသနွားစုစုပေါင်း(၂၅၀)ကောင်အား ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ကျွဲ၊ နွားမွေးမြူသူများအား ခြံဖျန်းပိုးသတ်ဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)