တာမွေ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်လင်းအေး၏ ဦးဆောင်မှုဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများပူးပေါင်း၍ ပြည်သူရှစ်ရာကျော်အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ရန်ကုန်ဆေးရုံကြီးအပါအဝင် ဗဟိုအဆင့်ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုနှင့် အခြားကျန်းမာရေးဝန်ထမ်းများက အထူးကုအစီအစဉ်ဖြင့် ကွင်းဆင်းကုသဆောင်ရွက်ပေးရာတွင် အရိုးနှင့် ပတ်သက် သည့်ရောဂါများ၊ ခွဲစိတ်ရောဂါများ၊ အထွေထွေရောဂါများ၊ ဆီးချိုနှင့် ဟော်မုန်းရောဂါများ၊ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများ၊ အရေပြားရောဂါများ၊ ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများ စစ်ဆေးစမ်းသပ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါစစ်ဆေးခြင်း၊ ကလေးနှင့်ပတ်သက်သည့်ရောဂါများ၊ မျက်စိရောဂါများ၊ သွားနှင့်ခံတွင်း စစ်ဆေးကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ပင်းနှင့်ပတ်သက်သည့် ရောဂါများ၊ အဆုတ်နှင့် ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်း၊ ECGဆွဲ၍ စစ်ဆေးပေးခြင်း၊ Ultrasound ရိုက်၍ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး တာမွေမြို့နယ်အပါအဝင် နီးစပ်ရာမြို့နယ်များမှ ပြည်သူ (၈၂၉) ဦး လာရောက်ပြသခဲ့ရာ စုစုပေါင်းကုသမှု (၁၈၁၃) ဦး ရောဂါလာရောက် စစ်ဆေးကုသမှုများ ခံယူခဲ့ကြသည်။
အဆိုပါ အထူးကုအစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေး၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးဉာဏ်ထက်ခိုင်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)