မြစ်ကြီးနားမြို့၌ ပြည်သူအတွက် ရက်(၁၀၀)အတွင်း ပြည်သူတိုးချဲ့ပျားမွေးမြူရေး အသိပညာပေးသင်တန်းဖွင့်လှစ်

မြစ်ကြီးနား မေ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံပြည်သူများ ခေတ်မီပျား‌မွေးမြူ‌‌ရေးအတတ်ပညာကို တောင်သူများအတွင်း ပြန့်ပွား‌‌စေရန်၊ သိပ္ပံနည်းကျမွေးမြူနိုင်ရန်သင်တန်းမှ တစ်ဆင့်အသိပညာများရရှိပြီး ပျားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြည်သူတိုးချဲ့ပျားမွေးမြူရေးပညာပေးသင်တန်းကို မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ပျားမွေးမြူရေးဌာနခွဲတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါက်တာခင်‌ဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ပြည်နယ်တာဝန်ခံက ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းသင်ကြားရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ သင်တန်းတွင် ပျာအုံတစ်အုံ၏ဖွဲ့စည်းပုံ၊ ပျားအုံကိုင်တွယ်ထိန်းသိမ်းပုံ၊ ရရှိမည့်ပျားထွက်ပစ္စည်း၊ အသုံးဝင်ပုံ၊ အကျိုးအမြတ်၊ ပျားဖြင့်ဝတ်မှုံကူးပေးခြင်း၊ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ် အားသာချက်/ အားနည်းချက်များ၊သီး နှံအထွက်တိုးပုံများကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ မေ ၁၈ ရက်မှ ၂၂ ‌ရက်ထိ တောင်သူများပျားမွေးတတ်စေရန် ပျားမွေးမြူရေးပညာပေး သင်တန်း(၄)ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ပြင် ပြည်နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း မိတ်အောင်ပျားဘုရင်မ(၁၀၀)ကောင်၊ ပျားအုံးတိုးပွားခြင်း(ဌာန) ၂၀ အုံး၊ ပျားအုံခွဲမိတ်အောင်(၂၀)ကောင်၊ ဌာန (Queen) ညံ့လှဲလှယ်ခြင်း (၅၀)ကောင်၊ ပုဂ္ဂလိကပျားမွေးမြူရေး‌‌ တောင်သူ(၃၈)ဦးနှင့် ပုဂ္ဂလိကပိုင်ပျားအုံတိုးပွားခြင်း(၁၀၂)အုံ အကောင်အထည်‌ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)