ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ပူတာအိုမြို့ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိုင်းရင်းသား မျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း

မြစ်ကြီးနား မေ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာသိရှိနားလည်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို မြို့နယ်များတွင် အဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိရာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ရဝမ်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းရာ၌ ရဝမ်တိုင်းရင်းသားဝန်ကြီး ဦးမယစ်ယောရှုက လည်းကောင်း၊ လီဆူတိုင်းရင်းသား မျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ လီဆူတိုင်းရင်းသားဝန်ကြီး ဦးလီပေါ်ရဲ့က လည်းကောင်း အမှာစကားများ ပြောကြားခဲ့ကြပြီး ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့်(ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိ မှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများတွင် လူထုသိလိုသည့် အမေးအများဆုံးမေးခွန်းများကို ပါဝါပွိုင့်များဖြင့် ချပြရှင်းလင်းပြောကြားကြရာ ရေအားလျှပ်စစ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံများနှင့်အတူ သိလိုသည်များ၊ စိုးရိမ်ပူပန်မှုများနှင့် အကျိုးခံစားခွင့်ဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များအပေါ် သုံးသပ်ရှင်းလင်းပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

အဆိုပါ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းဆွေးနွေး ပွဲများကို ပူတာအိုမြို့တွင် ယနေ့ ရဝမ်နှင့်လီဆူတိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင် တိုင်းခမ်းတီနှင့် ဂျိန်းဖောမျိုးနွယ်စုများ၊ မချမ်းဘောမြို့တို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)