ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးရဲရင့်ဆွေ ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် ဆီထွက်သီးနှ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားစေ လာစေရေး၊ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်မှုနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပူတာအို မေ ၁၉

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် ဆီထွက်သီးနှံ သီးထပ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်အတူ မေ(၁၈)ရက်က ပူတာအိုခရိုင်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဦးရဲရင့်ဆွေသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များနှင့် ခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ စားဆီဖူလုံစေရေး၊ စိုက်ပျိုးသီးနှံထုတ်ကုန်များ အရှိန်အဟုန်ဖြင့် တိုးမြင့်ထုတ်လုပ်နိုင်ရေး၊ ရက်(၁၀၀)စီမံချက်ပါ Quick Win လုပ်ငန်းများကို သက်ဆိုင်ရာဌာနများအနေဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဦးစီးဌာနများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရမည့် ကိစ္စရပ်များတွင် အစွမ်းကုန် ကြိုးစားဖြည့်ဆည်းပေးသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍအလိုက် ဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ ၂၀၃၁-၂၀၃၂ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်သွားမည့် ငါးနှစ်စီမံကိန်း လျာထားရည်မှန်းချက်များ၊ ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါရုံးအတွင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသထွက်အသီးအနှံများအား သင်တန်းပေး၍ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ထုတ်လုပ်ထားရှိမှုတို့အား ခင်းကျင်းပြသထားမှုနှင့် ရုံးဝင်းအတွင်း မြေအလွတ်ပေါ်တွင် တစ်ပိုင်တစ်နိုင်သီးနှံများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး ဦးရဲရင့်ဆွေသည် ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့သိုလှောင်၌ ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီတွင် ခရိုင်အတွင်းရှိ တောင်သူများထံ အခမဲ့ဖြန့်ဝေပေးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့ထားသော ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါးတင်း(၅၀၀၀)နှင့် ဓာတ်မြေသြဇာများ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက မျိုးစပါးများအား ခရိုင်အတွင်း နောင်မွန်နှင့် ခေါင်လန်ဖူးမြို့နယ်တို့အတွက် ဖြန့်ဝေပေးပို့ထားရှိမှုနှင့် ဆက်လက်ဖြန့်ဝေပေးသွားမည့် အစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက စိုက်ပျိုးချိန်မီ တောင်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးနိုင်ရေး၊ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အလေးထားစည်းရုံးဆောင်ရွက်ကြရန်နှင့် ပြည်နယ်မှ ပေးပို့မည့် ဓာတ်မြေသြဇာများ အမြန်ဆုံးရောက်ရှိအောင် ပေးပို့နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့မရပ်ကွက်အတွင်းရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခြံဝင်းအတွင်း ဒေသတွင်း ပေါက်ရောက်ဖြစ်ထွန်းသည့် လက်ဖက်၊ ကော်ဖီနှင့် သီးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ကောင်ကထောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မတ်ပန်ခြံအတွင်း တည်ဆောက်ထားသည့် မျိုးစေ့သန့်စင်စက်ရုံနှင့် မတ်ပန်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများ ထယ်ထိုးပြုပြင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဒေသရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများကို ဖြစ်ထွန်းအောင် သုတေသနပြု စမ်းသပ်စိုက်ပျိုးပြီး တောင်သူများအား အသိပညာပေးဖြန့်ဝေပေးနိုင်ရေးနှင့် ဒေသတွင်း ဆန်စပါးဖူလုံသော်လည်း မျိုးစေ့ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)