နမ့်စန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

နမ့်စန်(တ) မေ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်အသိပညာပေးခြင်း၊ ဇာတ်တိုက်သရုပ်ပြခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို အပတ်စဉ် သတ်မှတ်ရက်အလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ထွန်းသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်စာရင်းစစ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများသို့ သွားရောက်၍ မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေ၊ လျှပ်စစ်မီးကြိုးနှင့် မီးခုံများ၊ ဘရိတ်ကာများ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များ အကြံပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)