မူဆယ် မေ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို မေလ (၁၈) ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၂)၊ စံပယ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ အထက်တန်းအဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲများပါဝင်ပြီး ကျောင်းသားကျောင်းသူ (၇၈)ဦးက မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ ဝိုင်းဝန်းကာကွယ် တားဆီးမှ၊ မူးယစ်ကင်းစင် တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြလုံခြုံလှ၊ နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးများကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအားလုံးတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဇွန်လ(၂၆)ရက်နေ့တွင် ကျင်းပမည့် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ကျင်းပသည့်နေရာသို့ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)