ချင်းပြည်နယ်ဝန်ကြီးချုပ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့၊ သဘာဝမြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဟားခါး မေ ၁၉

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့၊ သဘာဝမြေသြဇာ ထောက်ပံ့ပေးအပ်ပွဲနှင့် စိုက်ပျိုးရေးအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို မေလ ၁၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆုန်းထန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း ၊ ပြည်နယ်၏ ဂျီဒီပီ၏ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးကဏ္ဍမှ ရရှိခြင်းဖြစ်သည်ကို အချက်အလက်များအရ သိရှိရပါကြောင်း၊ ယခင်က စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာအတိုင်း သမားရိုးကျဆောင်ရွက်ခဲ့သော်လည်း ယခုအခါ တိုးတက်လာသည့် နည်းပညာများအတိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အစိုးရဌာနဆိုင်ရာများက နည်းပညာများ ထောက်ပံ့ပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များနှင့် တောင်သူဦးကြီးများ ယင်းနည်းပညာများအတိုင်း လုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း၊ အရေးကြီးသည့် မည်သည့်လုပ်ငန်းမဆို ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မှ အောင်မြင်မှုရရှိမည်ဖြစ်ပြီး ထိုသို့ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စနစ်ကျရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်သည့် နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် သဘာဝမြေသြဇာပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူဦးကြီး (၂) ဦးကို စပါးမျိုးကောင်းမျိုးသန့်များ အားလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း တောင်သူဦးကြီး (၁) ဦးကို စမ်းဝတီသဘာဝမြေသြဇာအားလည်းကောင်း ပေးအပ်သည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲ ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တောင်သူဦးကြီးများနှင့်လုပ်ငန်းရှင်များက မေးမြန်းဆွေးနွေးတင်ပြလိုသည့်အချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် သဘာဝပိုးသတ်ဆေးနှင့် ရွက်ဖျန်းအားဆေးများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)