မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မိုင်းယန်း မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များပြုလုပ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်  ၁၁ နာရီက ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ပုံလုံကျေးရွာမှ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လိုအပ်သည့် အထောက်အထား အချက်အလက်များဖြည့်စွက်ကာ ဇီဝဆိုင်ရာ အချက်အလက်များ စိစစ်ကောက်ယူခြင်း လုပ်ထုံလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်း၊ မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးနှင့် မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေတို့မှ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး