လားရှိုး မေ ၁၉
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ရက်(၁၀၀) စီမံကိန်းပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မိခင်နှင့်မွေးကင်းစကလေးသေဆုံးမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားပြုစုစောင့်ရှောက်ခြင်းသင်တန်း (CEmONC) ပထမအသုတ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးက အမှာစကားပြောကြားခြင်း၊ သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းအား မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ လားရှိုးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်နှင့်ကလေးအထူးကုဆရာဝန်ကြီးများက ကာကွယ်၍ရသည့် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုများမဖြစ်ပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် စောင့်ရှောက်မှုရရှိဖို့အတွက် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့မွေးဖွားပြီးနောက် မိခင်နှင့်မွေးကင်းစကလေးတွေမှာ ဖြစ်ပွားတတ်သည့် နောက်ဆက်တွဲပြဿနာများနှင့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန်အတွက် စာတွေ့လက်တွေ့ပို့ချသင်ကြားလျက်ရှိရာ တိုက်နယ်ဆရာဝန်နှင့် လက်ထောက်ဆရာဝန် စုစုပေါင်း ၂၀ ဦး တက်ရောက်သင်ကြားလျက်ပြီး သင်တန်းအားအသုတ် (၂) သုတ်ခွဲပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
မိခင်နှင့်ကလေး သေဆုံးနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကိုတိုင်းတာသည့် အညွှန်းကိန်းများဖြစ်ပြီး မိခင်နှင့်ကလေးများသည် အထူးစောင့်ရှောက်ရန်လိုအပ်သည့် အုပ်စုများဖြစ်သည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ယခုသင်တန်းသည် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝကို မြှင့်တင်ပေးခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals (SDG)များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)