မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မိုင်းစံ မေ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုတုတများတိုးပွားလာစေရန် လူငယ်လူရွယ်များအရွယ်တွင် ထိုးထွင်းကြံဆမှုများ တိုးတက်လာစေရန်နှင့် မြန်မာစကားပုံများကို သိရှိနားလည်ကာ အဓိပ္ပာယ်ကို လက်တွေ့နားလည်အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ အချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ စကားပုံဆက်ပြိုင်ပွဲကို မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိဇာချိုက စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ဦးနှောက် ဉာဏ်ရည် ပိုမိုဖွံ့ဖြိူးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ မြန်မာစကား၏ အဓိပ္ပါယ်ကို နားလည်သိသဘောပေါက် ချစ်မြတ်နိုးလာစေရေးအတွက် မြန်မာစကားပုံ၏ အစကို ဖော်ပြထားလျက် စကားပုံ၏ အဓိပ္ပာယ်ကို မိမိဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာဗဟုသုတများ ပေါင်းစပ်၍ဖြေဆိုရပြီး စကားပုံဆက်များကို မှန်ကန်စွာဖြေဆိုနိုင်သူ ကျောင်းသား/ကျောင်းသူများက စကားလုံးများ၏ အဓိပ္ပာယ်နှင့် အသုံးပြုပုံတို့ကို ပြန်လည်ရှင်းပြဖြေကြားခဲ့ပါသည်။

ထို့နောက် စကားပုံဆက်ပြိုင်ပွဲတွင် အမှတ်အများဆုံးဖြေဆိုနိုင်သော ဆုရကျောင်းသား/ ကျောင်းသူများကိုလည်း မြို့ဦးစီးမှူးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)