လားရှိုး မေ ၁၉
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ မြို့နယ်ကိုးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံကိန်းပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံများ၌ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ဆောက်ရွက်လျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ဖွင့်လှစ်ပို့ချဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ တန့်ယန်း၊ မိုင်းရယ်၊ ပန်ဆန်း(ပန်ခမ်း)နှင့် ဟိုပန် စသည့်မြို့နယ်များတွင် မေလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀၅ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ဘက်စုံမြင့်မားတိုးတက်စေရန်အတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုအား ပိုမိုထိရောက်စွာပေးနိုင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလုပ်သားများ၏ အင်အားသည် အဓိကကျောရိုးဒေါက်တိုင်တစ်ခုအဖြစ် ပါဝင်လျက်ရှိပြီး ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများကို နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေကြရသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအနေဖြင့် လူထုကျန်းမာရေးလုပ်သားအင်အားကို မိမိတို့ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်စေခြင်းဖြင့် လူတိုင်းလက်လှမ်းမီသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးထံက သိရသည်။
လူမော်(ပြန်/ဆက်)