လားရှိုးမြို့၌ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေး

လားရှိုး မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ အမှတ်(၁)ရပ်ကွက်ရှိ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ‌သေးသူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့က အဆိုပါရုံး၌ ဆောင်ရွက်သည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်‌ဆွေနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လားရှိုးခရိုင်ဦးစီးမှူး ဦးကျော်မော်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လားရှိုးမြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့်တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုးမျာနှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး ဆောင်ရွက်ပေးမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီး  အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၇၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဆောင်ရွက်ရာ၊ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)