ကလော မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း(အောင်ပန်း)၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်အာကာထွန်းတို့က ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က လူငယ်ရေးရာနှင့်ပတ်သက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု ဆိုင်ရာသိကောင်းစရာနံရံစာစောင်များအားပြသခဲ့ရာ အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းမှ သင်တန်းသားများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ကလော)