မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေး လုပ်သားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းရယ် မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကဦးစီး၍ အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ညွန့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အတွင်းရေးမှူးရဲမှူးမျိုးသန့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ပြည့်ဖြိုးအောင်နှင့် သင်တန်းဆရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ သင်တန်းသူများ တက်ရောက်ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုး‌‌မင်းအောင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ပြည့်ဖြိုးအောင်က လူထုကျန်းမာရေးလုပ်သား၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က လူထုကျန်းမာရေးလုပ်သားသင်တန်းဆိုင်ရာလုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် နည်းပြများဖြစ်သည့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ပြည့်ဖြိုးအောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးအရာရှိ ဒေါ်နန်းခမ်းခင်နှင့် ကျန်းမာရေးမှူး ဦးကျော်ဇင်ဝင်းတို့က လူထုကျန်းမာရေးလုပ်သား လက်စွဲစာအုပ်ပါ ကျန်းမာရေးသဘောတရားနှင့် ပြည်သူ့ကျန်းမာရေးဖွဲ့စည်းပုံ၊ ကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ မိသားစုကျန်းမာရေး၊ သမာရိုးကျရောဂါများ၊ ဖွားသေစာရင်းမှတ်ပုံတင်ခြင်းနှင့် ကျန်းမာရေးစာရင်းအင်းများကောက်ယူခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ နောက်ဆက်တွဲ၊ ပြန်လည်ဆန်းစစ်ခြင်းစသည့် သင်ခန်းစာတို့ကို မေလ ၁၈ ရက်မှ ၂၉ ရက်အထိ မြို့နယ်ပြည်သူ့ဆေးရုံတွင် သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၅)တို့မှ သင်တန်းသူ(၃၃)ဦးတို့က တက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)