မိုင်းဖြတ်မြို့နယ်၌ အသောကလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာတော်သွင်းလှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မိုင်းဖြတ် မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အသောကလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာတော်သွင်းလှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟိုနား‌ကျေးရွာ၊ ဓာတ်ပေါင်းစုစေတီတော်ပုရဝုဏ်အတွင်း ဆင်ယင်ကျင်းပခဲ့သည်။ 

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ပဓာနနာယကဆရာ‌တော် ဘဒ္ဒန္တနန္ဒောဘာသ အရှင်သူမြတ်ထံမှ ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော်များကို ပရိတ်သတ်များက နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့အား ဌာပနာတော်ပစ္စည်းများကို အလှူရှင်များက ဆက်ကပ်ပြီးနောက် သံဃာတော်အရှင်သူမြတ်များ၊ ဘုရားဒါယကာ(သုဓမ္မမဏိဇောတဓရ) ဦးထွန်းရွှေနှင့်မိသားစု၊ ဘုရားဒါယကာ ဦးစိုင်းစိန်ခမ်းနွဲ့နှင့်မိသားစု၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးမိုးကျော်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက သတ္တဌာန(၇)နေရာကို ရည်မှန်း၍ ကြည်ညိုဖွယ်ရာသန့်ရှင်းဆင်ကြယ်သော ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ ဆင်းတုတော်များ၊ ဓာတ်တော်၊ မွေတော်များ၊ ဓမ္မစေတီတော်များကို ထုံးတမ်းစဉ်လာနှင့်အညီ ဌာပနာသွင်းလှူပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းခဲ့သည်။

ယင်းနောက် ဘဒ္ဒန္တသုနန္ဒ အရှင်သူမြတ်က အောင်ဆုတောင်းဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး‌ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသ အရှင်သူမြတ်ထံမှလှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားကို နာယူကြည်ညိုခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး ရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးကာ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။ အဆိုပါ အသောကလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘုရားဒါယကာ(သုဓမ္မမဏိဇောတဓရ) ဦးထွန်းရွှေနှင့်မိသားစု၊ ဘုရားဒါယကာ ဦးစိုင်းစိန်ခမ်းနွဲ့မိသားစုနှင့် အလှူရှင်များက တည်ထားကိုကွယ်ခြင်းဖြစ်ပြီး ဘုရားဆင်းတုတော်၏ ဉာဏ်တော်မှာပုလ္လင်အပါ (၂၇)ပေအမြင့်ရှိ တည်ထားကိုးကွယ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)