မိုင်းဆတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်းသားများအနေဖြင့် သဘာ၀ဘေးစီမံခန့်ခွဲမှုကို သိရှိနားလည်သဘောပေါက်စေရန်နှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ သဘာဝဘေးအဖြစ်များသည့် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ပရဟိတအဖွဲ့များမှတာဝန်ရှိသူများ၊ သဘာဝဘေးကျရောက်ပါက အဓိကပါဝင်ဆောင်ရွက်ရသော ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း သင်တန်းသား(၃၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)