ချမ်းအေးသာစံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေး၊ မကူးစက်နိုင်သောရောဂါများရှာဖွေကုသ

ချမ်းအေးသာစံ မေ ၁၈

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)နှင့် ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် မကူးစက်နိုင်သောရောဂါများ ရှာဖွေကုသခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါကင်းကုန်းဘုရား၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး) မှ ဒုတိယညွှန်​ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်ဦးဆောင်ကာ တာဝန်ရှိသူများက အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ဆိုင်ရာ ဘေးအန္တရာယ်ကင်ရှင်းရေးနှင့်ပတ်သက်သော အကြောင်းအရာများအား အများပြည်သူများ သိရှိလိုက်နာကြစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျန်းမာရေးဗဟုသုတဆိုင်ရာ မေးခွန်းများအားစစ်ဆေးဖြေဆိုခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ပြီး ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  “မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်သောအကြောင်းအရာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ နှင့်ပတ်သက်သော အကြောင်းအရာများကို” ရှင်းလင်းပြောကြားခဲ့ပြီး မကူးစက်နိုင်သောရောဂါများနှင့်ပတ်သက်၍ ရှာဖွေစစ်ဆေးပေးခြင်း၊ ရောဂါတွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ ပြန်ဆက်)