ပင်းတယ မေ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပညာရေးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် (ဒေသအဆင့်)နှင့် (မြို့နယ်အဆင့်) တို့ ပူးပေါင်း၍ ရက်(၁၀၀)အတွင်း ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖွင့်လှစ်သည်။
ဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်သွားမည် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးက အခြေခံပညာစာသင်ကျောင်းများတွင် နိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ပေးသွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေသပညာရေးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ သင်တန်းအား မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ သင်တန်းနည်းပြ ၁၂ ဦးဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး၊ သင်တန်းသို့ ထက်၊ လယ်၊ မူ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး ၁၂၀ ဦး၊ လက်ထောက်ဆရာ၊ ဆရာမ ၁၂၀ ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)