ပြည် မေ ၁၇
ကလေးငယ်များ မူလတန်းကြိုအရွယ်မှစ၍ တက္ကသိုလ်ပညာရေးအထိ ပညာသင်ကြားရေးကဏ္ဍတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အနာဂတ်ပညာရေးလမ်းစကောင်းများ ဖော်ဆောင်နိုင်ရေး အသိပညာပေး ICT နည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်မြို့၊ ဂင်္ဂါဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးရဲမြင့်အောင်က လူသားတစ်ဦး၏အသိပညာ၊ ကျွမ်းကျင်မှုနှင့်ကုန်ထုတ်စွမ်းအား တိုးတက်စေရန် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ(ICT)သည် အရေးကြီးသော အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်းနှင့် အနာဂတ်ပညာရေးလမ်းကြောင်းအတွက် ICT သည် မရှိမဖြစ်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး PACE Learning Centre မှ Founder ဒေါ်ဝေဝေစိုးက ကျောင်းနေအရွယ်ပညာရေးကဏ္ဍတွင် အသိပညာဗဟုသုတရှာဖွေရာ လမ်းကြောင်းဖြစ်သော ICT ဘာသာရပ်ကို အလွယ်တကူချိတ်ဆက်သင်ကြားနိုင်ရေး နည်းလမ်းကောင်းများနှင့် ICT ကို လုပ်ငန်းခွင်ဝင်သည်အထိ အကျိုးရှိထိရောက်စွာ အသုံးချပုံများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)