ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး မေ ၁၇

ရှမ်းပြည်နယ် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မေ (၁၆)ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမရက်(၁၀၀)ကာလအတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အင်းတိန်နန်းပန်ချောင်းခွဲနှင့် အင်းတိန်ရွာမချောင်းခွဲ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင်ဆောင်ရွက်ရန်မှာကြားသည်။ ထို့နောက် အင်းတိန်နန်းပန်ချောင်းခွဲနှင့် အင်းတိန်ရွာမချောင်းခွဲတစ်လျောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၌ စက်မှုလယ်ယာစနစ်ကျမြေ (၁၃၉)ဧက အကောင်အထည်ဖော် ဆောင်ရွက် ပြီးသည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြား ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားအား ဖူးမြှော်ကြည်ညို၍ ဂေါပကတာဝန်ရှိသူများအား နဝကမအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ မှုအပေါ် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ယင်းနောက် အင်းလေးကန်အတွင်း သဲနုန်းများ၊ ရေမှော်နှင့်ဒိုက်များ ဆည်ယူနေမှုကို ကြည့်ရှုစစ်ဆေး၍ အင်းလေးကန် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းပူးပေါင်း၍ စနစ်တကျထိန်းသိမ်းဆောင်ရွက် ပေးကြရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ညောင်ရွှေမြို့နယ်အတွင်းရှိ လွယ်တန့် နုန်းထိန်းတမံအား သဲနုန်းတူးဖော်ခြင်းနှင့် လိုအပ်သည်များ ပြင်ဆင်ခြင်းလုပ်ငန်းနေရာသို့ ရောက်ရှိ စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြမှုအပေါ် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

ထက်‌ဝေ(ပြန်/ဆက်)