မူဆယ် မေ ၁၇
အများပြည်သူတို့၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ (ပြည်သူ့ ဝန်ဆောင်မှုရုံး)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ တို့က ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုးက တက်ရောက်လာသော ပြည်သူများအား မိတ်ဆက်စကား ပြောကြားပေးခဲ့သည်။
ယနေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူ (၈၇)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း ရရှိသူ (၃၂)ဦးတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ကာယကံ ရှင်များလက်ဝယ်သို့ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)