၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်လျက်ရှိ

လှိုင်းဘွဲ မေ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် KG နှင့် Grade-1 သင်နည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းကို လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မေလ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆင့်ပွားဆွေးနွေးပွဲသင်တန်းတွင် အခြေခံပညာမူလတန်းအဆင့် KG နှင့် Grade-1 ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ အာဟာရပြည့်ဝသည့် အစားအစာဖြည့်ဆည်းပေးမှု၊ ကာကွယ်စောင့်ရှောက်ပေးမှု၊ ချစ်ခင်ယုယပေးမှု၊ အပြန်အလှန်ဆက်သွယ်ပြောဆိုပေးမှု လှုံ့ဆော်ပေးမှု၊ အိပ်စက်အနားယူစေခြင်း၊ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်စေခြင်းနှင့် ကစားခြင်းသင်ခန်းစာများ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဆိုင်ရာများ စသည့်အကြောင်းအရာများကို ဆွေး‌နွေးကြမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ (၂၂၀)ဦး ကိုယ်ပိုင်ကျောင်းမှ ဆရာမ (၁)ဦးနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ဆရာမ (၁)ဦး၊ စုစုပေါင်းဆရာ၊ ဆရာမ (၂၂၂)ဦးတို့အား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၇)ဦးတို့က အပြန်ဆွေးနွေးခြင်းသင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)