မိုင်းယု မေ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ဂုဏ်ပြုပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်း မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် မိုင်းယောင်းမြို့နယ်၊ ပညာရေးမှူး ဦးစိုင်တင့်ဆန်းက နယ်စပ်ဒေသ မိုင်းယုမြို့၏ ပညာရေးကဏ္ဍတွင် ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ လူရည်ချွန်ထူးချွန်သည့် လူငယ်တစ်ဦးပေါ်ပေါက်လာခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဒေသဂုဏ်ဆောင် လူငယ်တစ်ဦးဖြစ်လာ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နောက်ထပ် ထပ်မံထူးချွန်သည့် လူငယ်များ ပေါ်ပေါက်လာစေရေးအတွက် အားပေးစကားပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိုင်းယုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ဂုဏ်ဆောင် Grade-10 မှ လူရည်ချွန်ကျောင်းသား မောင်ဇေယျလင်းက မိမိလူရည်ချွန် ဖြစ်အောင်ကြိုးစားခဲ့ရပုံနှင့် လူရည်ချွန်မောင်မယ်များနှင့်အတူ လေ့လာရေးအပန်းဖြေ ခရီးသွားခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးက အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသူများအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မိုင်းယောင်းမြို့နယ်၊ ပညာရေးမှူးနှင့် ပညာရေး ဆရာ/ဆရာမများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံမြို့မ မြို့ဖများနှင့် ကျောင်းသား၊ ကျောင်းသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်ကျောင်းသား မောင်ဇေယျလင်းအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်