မောက်မယ် မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူများ၏ အခြေခံ လိုအပ်ချက်အရရှေးရှု၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၁ နာရီတွင် ဟိုနမ့်ကျေးရွာအုပ်စု စျေးကုန်းကျေးရွာ ခန်းမဆောင်တွင်ကျင်းပကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ကျေးရွာများတွင် ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်ကြသည့် အိမ်ခြံမြေကွက်များကို ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကျေးလက်နေပြည်သူများအား မြေငှားဂရန်များ အသီးသီးပေးအပ်ကာ ကျေးရွာပြည်သူလူထုများ ကိုယ်စား ဦးခွန်လှဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မောက်မယ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သက်ကဦးဆောင်ပြီး ဝန်ထမ်းများက ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အတူစိစစ်၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများက ပြည်သူ့လက်ဝယ် အရောက်အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)