ဘားအံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဘားအံ မေ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးများစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်း၍ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ခြံကလေးကျောင်း လမ်းပြကြယ် လူငယ်ရိပ်သာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးများစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ‌ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လူငယ်ရေးရာနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ ဗလငါးတန်းနှင့်ပြည့်စုံစေရေး အသိပညာပေးအကြောင်းအရာများ၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားခြင်းနှင့် မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ လူငယ်လေးများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာငှားရမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)