မြိတ် မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၏ အသက်မွေးဝမ်းကျောင်းကာလတို အခြေခံစက်ချုပ်နည်းပညာသင်တန်းကို မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက် အရန်မီးသတ်ရုံးခန်း၌ ယမန်နေ့က ဖွင့်လှစ်သည်။
သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းလက်စွဲစာစောင်နှင့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သင်တန်းသင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။
သင်တန်းတွင် စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ ဘောင်းဘီချုပ်နည်း၊ ကလေးဂါဝန်(ရင်ဆက်)ချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ ရင်စေ့ချုပ်နည်း၊ နောက်ကွဲဇစ်အင်္ကျီ ဇစ်တပ်နည်းနှင့်ချုပ်နည်း၊ ရင်ဖုံးချုပ်နည်း၊ စကပ်ရိုးရိုးချုပ်နည်း၊ ဘလောက်ခါးတင်ချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ပက်ထဘီချုပ်နည်းတို့ကို သင်တန်းကာလ ရက်(၃၀)ကြာ သင်တန်းသူ (၁၂)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် သင်တန်းသူ (၁၂)ဦးမှ ထူးချွန်သင်တန်းသူ (၅)ဦးအား (၁၈)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သုံးစွဲခွင့်ပြုပြီး လုပ်ငန်းထူထောင်ပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ငယ်များပေါ်ထွန်းလာစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေပိုမိုရရှိလာစေရန်၊ နည်းပညာများကိုအသုံးပြု၍ အဝတ်အထည်များကို ဒီဇိုင်းလှပခေတ်မီပြီး ဈေးကွက်ဝင်အထည်များ ထုတ်လုပ်ရောင်းချနိုင်ရန်၊ လူစွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ပြန်/ဆက်)