ပုံပါကျင် မေ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကလေး အလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ်၊ အလုပ်လုပ်သော ကလေးများအား ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာဆက်သင်ယူရန်နှင့် ကလေးများလုပ်သောအလုပ်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)