မိုင်းရှူး မေ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် နားစံအုပ်စု၊ နားစံကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူအသိပညာပေးသင်တန်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီဆန်းဝင်းက ဓာတ်မြေသြဇာ အမျိုးအစားအလိုက် အကျိုးအာနိသင်တက်ရောက်မှုနှင့် လေလွင့်မှုနည်းစေရန် သဘာဝမြေသြဇာနှင့် ၁း၃ စနစ်ဖြင့် ရောစပ်သုံးစွဲနည်း၊ သီးနှံပင်များ သက်တမ်းအလိုက် ဓာတ်မြေသြဇာကျွေးနည်း၊ ဈေးကွက်ရှိလာမည့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးနည်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော တောင်သူများမှလည်း သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖြန်းရာတွင် အသုံးပြုဝတ်ဆင်ရသော PPE ဝတ်စုံများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)