ကျွန်းစုမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေး

ကျွန်းစု မေ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်း စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ယမန်နေ့က အ.ထ.က ကတ္တလူကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် ၇၅ ကတ် နှင့် UID ကတ်များအား နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် မြို့နယ်လဝက ဦးစီးမှူး ဦးမျိုးမြင့်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)