ပုလော မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ အမှတ် (၁) ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိ ဦးသန်းနွယ်က အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပုလောမြို့နယ် သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက သမဝါယမအသင်းများဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ဒုဥက္ကဋ္ဌ ဒေါ်စိမ်းလဲ့ဖြူကအသင်းမှ ငွေစုငွေချေး လုပ်ငန်းများနှင့် အသင်းသားများအပေါ် ပံ့ပိုးကူညီ ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးသည်။
အဆိုပါ ပုလောမြို့ ၊ အမှတ်(၁)ရပ်ကွက်၊ အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်ကို ၁၉၉၂ ခုနှစ်က အသင်းသူ/အသင်းသား (၁၂) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ သိန်း(၁၅၀၀၀)ကျပ်၊ အသင်းသူ၊ အသင်းသား(၉၀၀)ဦးဖြင့် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သော အသင်းတစ်သင်းဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ပုလော (ပြန်/ဆက်)