သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးအစေ့ချ(Seeder)စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေးသင်တန်းဖွင့်လှစ်

သရက်ချောင်း မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရက် (၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မိုးစပါးအစေ့ချ (Seeder) စိုက်ပျိုးရေးနည်းစနစ်နည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်သင်ကြားပေးရာတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ၂၀၂၆-၂၀၂၇ ခုနှစ်မိုးစပါးရာသီတွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များစွာရှိသည့်အနက် ဤနည်းစနစ်သည် မျိုးစေ့အကုန်သက်သာခြင်း၊ ကြဲခင်းအစား အစေ့ချကိရိယာ(Seeder) နည်းစနစ်နှင့် စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ခြင်း၊ ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးဆောင်ရွက်စေရေးနှင့် သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနည်းလမ်းများကို ရှင်းလင်းဆွေးနွေးသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့မ၊ ကျောက်မြောင်း၊ ပန်းတော၊ ကဇိကျေးရွာများမှ တောင်သူ ၃၅ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး ရက်(၁၀၀)စီမံချက်အတွင်း စိုက်ပျိုးရေးနည်းပညာပေးသင်တန်းများကို ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)