မိုးနဲမြို့နယ်၌ ခရမ်းသီးများဈေးကောင်းရရှိနေသဖြင့် စိုက်ပျိုးတောင်သူများအဆင်ပြေ

မိုးနဲ မေ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အတို့အမြုပ်တွင်လည်းကောင်း၊ အရောအနှောချက်ပြုတ်ရာနှင့် သီးသန့်ဟင်းချက်ပြုတ်ရာတွင် အသုံးပြုနိုင်သည့် ခရမ်းသီးများ အရောင်းသွက်နေသဖြင့် ဈေးကောင်းရရှိနေပြီး စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းပင်များကို စိုက်ပျိုးရာတွင် ဦးစွာစနစ်တစ်ကျ ပျိုးထောင်ရပြီး သက်မှတ်အရွယ်အစားရောက်လျှင် ၁ ပေခြားစိုက်ပျိုးရကြောင်း၊ ခရမ်းမစိုက်ပျိုးမီ ဦးစွာနွားချေးနှင့် အခြာမြေဩဇာတို့ကို ထည့်သွင်းပေးပါက အပင်ကြီးထွားနှုန်းကောင်းမွန်စေကြောင်း၊ အပင်များပျက်ဆီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် အပင်ပတ်ပတ်လည်ကို မြေဆွပေါင်းသင်ပေးပြီး လိုအပ်သောရေရရှိရန် ဆောင်ရွက်ပေးရကြောင်း၊ ပုလဲမြေဩဇာကို ရေဖျော်ပတ်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားနှုန်း‌ကောင်းစေကြောင်း၊ ယခုကာလတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရောင်းချနေရပြီဖြစ်ရာ ၃ လုံးပါတစ်စီးလျှင် ကျပ် (၁၀၀၀)နှင့်အထက် ရောင်းချနေရကြောင်း ၂ ပတ်လျှင်တစ်ကြိမ်နှုန်း ခူးဆွတ်ရောင်းချလျှက် ရှိကြောင်း၊ ခြံသို့ဖောက်သယ်လာရောက်ဝယ်ယူသူများလည်းရှိကြောင်း ခရမ်းပင်များသည် စိုက်ပျိုးရန်လွယ်ကူသဖြင့် စမ်းသပ်စိုက်ပျိုးကြည့်သင့်ကြောင်း၊ ဝင်ငွေရရှိသည့်အပြင် မိသားစုမီးဖိုဆောင်အသုံးစရိတ်ကိုပါ ချွေတာနိုင်ကြောင်းနှင့် ဖရုံ၊ မုန်ညှင်းစိမ်း၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်ပင်များကိုပါ စိုက်ပျိုးထားသေးကြောင်း ခရမ်းစိုက်ပျိုးတောင်သူထံမှ သိရသည်။

ဇင်ကိုကို