ပုလော မေ ၁၄
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရက်(၁၀၀) လမင်းစီမံချက်နဲ့ အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြား၊ အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနက ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြည်သူတွေ လူမှုစီးပွားအဆင့်တိုးမြှင့်ရေးအတွက် အထောက်အကူရရှိရန် ရည်ရွယ်ပြီး၊ ပညာသင်ကြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပြည်တွင်းပြည်ပခရီးသွားခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဂရန်လျှောက်ထားခြင်းစတဲ့ နယ်ပယ်အသီးသီးမှာ အကျိုးရှိစွာ အသုံးချနိုင်မည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ပုလောမြို့နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောကြားခဲ့သည်။
ထို့သို့ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ပြည်သူတွေများပြားစွာ လာရောက်ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုကို ပုလောမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေး၍ နေ့ချင်းအပြီး ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပုလော(ပြန်ဆက်)