ဘုတ်ပြင်း မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာပေးအပ်ခြင်းနှင့်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို မေ ၁၄ ရက် နံနက်(၁၀)နာရီက ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်စံပြကျေးရွာ၌ ပြုလုပ်သည်။
အဆိုပါသင်တန်းတွင် အောက်လိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်မျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းက မျိုးစေ့ချကိရိယာပေးအပ်ခြင်းနှင့် သင်တန်းကျင်းပသည့် ရည်ရွယ်ချက်များရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့ချကိရိယာများပေးအပ်သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ပို့ချရာ အောက်လိပ်စံပြကျေးရွာမှ တောင်သူ (၃၀)တက်ရောက်သည်။ သင်တန်းတွင် စပါးပေါင်ဖြင့် ပျိုးထောင်နည်း၊ မျိုးစေ့ထုတ်စိုက်ကွက်ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ၊ စပါးများတွင် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းရမည့်နည်းလမ်းအများနှင့် စိုက်ပျိုးရေးဆိုင်ရာသင်ခန်းစာများကို သင်ကြားပို့ချသည်။
ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေတောင်သူလယ်သမားများဘဝ တိုးတက်မြင့်မားရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံမှုကို အထောက်အကူပြုဖြစ်စေရန်နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်ရရှိရေး ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)