တောင်ကြီး မေ ၁၃
စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားမိဘပြည်သူများ၏ စားရေ ရိက္ခာဖူလုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေး ဇုန်သို့ မေ(၁၂)ရက် နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှမ်းရိုးမမွေးမြူရေးဇုန်(၁) ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သူက ရှမ်းရိုးမမွေးမြူရေးဇုန်ဆိုင်ရာ အချက်အလက်များနှင့် ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်ကျန်းမာရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ နှစ်အလိုက်ကြက်ခြံအရေအတွက်နှင့် ကောင်ရေတိုးတက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းရှင်များက ဇုန်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ရှမ်းရိုးမမွေးမြူရေးဇုန်အတွင်းရှိ ဒေါက်တာစိုင်းလုံ၏ အလုံပိတ်အအေးခန်းစနစ် (Evaporated Cooling System) ဖြင့် အဆင့်မြင့်ကြက်မွေးမြူရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါ ဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါက်တာကျော်သူက မွေးမြူရေးနှင့်မွေးမြူရေးဆက်စပ်လုပ်ငန်း တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အတွင်း ဇီဝလုံခြုံမှုအပြည့်အဝ ရှိရန်လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းကဏ္ဍတိုးချဲ့နိုင်ရေးအတွက် သမားရိုးကျနည်းလမ်းများ အပြင် ခေတ်မီနည်းစနစ်ဖြင့် စနစ်တကျတိုးချဲ့ဆောင်ရွက်သင့်ကြောင်း ပြောကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် မွေးမြူရေးဇုန်အတွင်းရှိ SSS Agri-tech Co.,Ltd ၏ အဆင့်မြင့် နို့စားနွားခြံတွင် နွားများမွေးမြူဆောင်ရွက်ထားရှိမှု၊ နွားနို့ညှစ်ရုံ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ ကြံသီးနှံမျိုးသန့်ခြံ(ကျောက်နီ)သို့လည်းကောင်း၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ(ကျောက်နီ)သို့ လည်းကောင်း၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ နမ့်လတ်ဥယျာဉ်ခြံနှင့် အဆိုပါ ခြံအတွင်းရှိ နမ့်လတ်ချောင်းကူး တံတားအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)