ကော့သောင်းခရိုင် လူထု‌အခြေပြုဗဟိုဌာန၌ အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကော့သောင်း မေ ၁၂

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေး‌နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အိမ်တွင်းမှုသင်တန်းကျောင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မေ(၁၁)ရက် မွန်းလွဲပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေး‌နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင်က ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရသည့်ရည်ရွယ်ချက်များပြောကြားသည်။ယင်း‌နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးငြိမ်းငြိမ်းစံမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်း အသိပညာပေးပြောကြားပြီး မြို့နယ်မိခင်‌နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ခေတ္တာလွင်က အိမ်တွင်းအကြမ်းဖက်မှုအကြောင်း အသိပညာပေးများပြောကြားပြီး၊ စာပေချစ်သူများက စာအုပ်စာပေများမှ ဗဟုသုတရဖွယ်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ခရိုင်ပြန်ကြားရေး‌နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အိမ်တွင်းမှု သင်တန်းကျောင်း၌ သင်တန်းတက်ရောက်နေကြသော ရပ်ကွက်/ကျေးရွာအသီးသီးမှ သင်တန်းသူလေးများအား အခြေခံစာကြည့်တိုက်ပညာအသိပညာပေးအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများ၊သင်တန်းသားသူများက လူထုအခြေပြုဗဟိုဌာနတွင် ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များ၊ Mini Museum ပြခန်း၊ အသိပညာပေးနံရံကပ်စာစောင်ပြဘုတ်များအား  လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)